နာနိုနည်းပညာတွင် သိပ္ပံပညာရှင်များက အက်တမ်များ၏ တည်ဆောက်ထားပုံ အနေအထားကို မိမိတို့ အလိုရှိသလို စိတ်ကြိုက် ရွှေ့ပြောင်း နေရာချထားကာ လူသားများ အလိုရှိသည့် ပစ္စည်းကိရိယာများ၊ အသုံးအဆောင် ပစ္စည်းများကို ဖန်တီးရယူမည် ဖြစ်သည်။ နာနို (Nano) သည် ဂရိဘာသာစကား နာနပ် (Nanus) မှ ဆင်းသက်လာပြီး၊ လူပုလေးဟု အဓိပ္ပာယ် ရသည်။ ယနေ့ခေတ် နာနိုနည်းပညာ ( Nanotechnology ) နဲ့ပတ်သက်တဲ့ နေရာတွေမှာ သုံးစွဲ လာကြပါတယ်။ Apple နှင့် Tata လို ကုမ္ပဏီကြီး တွေကလည်း သူတို့ရဲ့ ပစ္စည်းတွေကို အသေးငယ်ဆုံးနဲ့ နောက်ဆုံးပေါ် နည်းပညာတွေ သုံးထားတာကို ဖော်ပြချင်တဲ့ အတွက် နာနိုလို့ ပေးတတ်ကြပါတယ်။ နာနိုအရွယ်အစားပမာဏထိ သေးငယ်သွားတဲ့ အရာဝတ္ထုတွေမှာ ထူးခြားတဲ့ ဂုဏ်သတ္တိ ပေါ်ထွက်လာပါတယ်။ နာနိုနည်းပညာသည် ရုပ်ဝတ္တုပစ္စည်းများအား ပို၍သေးငယ်သွားစေရန်၊ အနုစိပ်သွားစေရန် ချဉ်းကပ်ဆောင်ရွက်ရာမှ ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ နာနိုစကေး အရွယ်အစား ဖြစ်သည့် မော်လီကျူးများ၊ အက်တမ်များအား မိမိတို့အလိုရှိရာ ဂုဏ်သတ္တိနှင့် အသုံးချနိုင်မှု တန်ဖိုးများ ရရှိလာစေရန် စီစဉ်နေရာချ တည်ဆောက်ခြင်း ဖြစ်သည်။
ဆယ်လီစိတ် စနစ်ကို အခြေခံထားတဲ့ မက်ထရစ် စနစ်မှာ အလျားကို မီတာ (meter) နဲ့တိုင်းပါတယ်။ ဒီထက် သေးငယ်တဲ့ အရာတွေကို ၁ မီတာရဲ့ ၁၀၀ ပုံ ၁ ပုံရှိတဲ့ စင်တီမီတာ (centimeter) ကို သုံးပါတယ်။ မက်ထရစ် စနစ်မှာ ဒီထက်သေးငယ်တာတွေ တိုင်းတာချင်ရင် ဆယ်ပုံတစ်ပုံစီ ငယ်သွားတဲ့ ယူနစ် (Unit) တွေ သုံးပါတယ်။ တစ်မီတာရဲ့ သန်းတစ်ထောင်ပုံ တစ်ပုံပဲရှိတယ့် အရာတွေကို တိုင်းမယ်ဆိုရင်တော့ နာနိုမီတာ (Nanometer) ဆိုတဲ့ ယူနစ်ကို သုံးပါတယ်။ သိပ္ပံပညာရှင်များသည် အတိုင်းအတာ ပမာဏအရွယ်အစား ၁ နာနိုမီတာမှ ၁၀၀ နာနိုမီတာ အတွင်းကို Nano-particles ဟု ခေါ်ဝေါ်သုံးစွဲ ခဲ့ကြသည်။ နာနိုမီတာ အရွယ် အရာဝတ္ထုတွေ (Nanomaterials) ကို လေ့လာတဲ့ သုတေသနလုပ်ငန်းတွေကို နာနိုသိပ္ပံ (Nanoscience) အဖြစ်သတ်မှတ်ပြီး၊ အသုံးချနိုင်အောင် ကြိုးစားတဲ့ နည်းပညာတွေကို ( Nanotechnology ) လို့ ခေါ်ဝေါ်ကြပါတယ်။
နာနိုနည်းပညာနှင့် ပတ်သက်သည့် အတွေးအခေါ် အယူအဆကို စတင် စဉ်းစားတွေးခေါ်ခဲ့သူမှာ ရူပဗေဒနိုဗယ်ဆုရရှိခဲ့သော အမေရိကန် ရူပဗေဒပညာရှင် Richard Phillip Feynman ဖြစ်ပြီး၊ ၁၉၅၉ ခုနှစ်တွင် American Physical Society ၌ There's Plenty of Room at the Bottom ခေါင်းစဉ်ဖြင့် ၎င်း၏ အတွေးအခေါ် အယူအဆများကို ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။ အခမ်းအနားတွင် Feynman က Ultra small Structure များကို ထုတ်လုပ်လာနိုင်ပါက စွယ်စုံကျမ်းစာအုပ် (Encyclopedia Britannica) တွင် ပါဝင်သော အကြောင်းအချက်အလက်များသည် ပင်အပ်၏ ခေါင်းအရွယ် အစားအတွင်း ချုံ့၍ စုစည်းနိုင်ကြောင်းနှင့် လူသားတို့၏ သိနားလည်ထားသမျှသော အသိပညာ၊ အတတ်ပညာ ဗဟုသုတ များကို ချုံ့၍ စုစည်းကာ ပုံနှိပ်ထုတ်ဝေပါက ပုံမှန်စာရွက် (12"x19") ဖြင့်စာမျက်နှာ ၃၆ မျက်နှာမျှ အတွင်း ထည့်သွင်းနိုင်ကြောင်း တွက်ချက်ပြသခဲ့ပါသည်။ နာနိုနည်း ပညာရပ်၏ ခေါ်ဝေါ်သုံးစွဲမှုကို ပထမဦးဆုံး စတင်အသုံးပြုခဲ့သူမှာ ဂျပန်သိပ္ပံ ပညာရှင် Norio Taniguchi ဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင် ၎င်းအနေဖြင့် စာတမ်းတစ်စောင် ပြုစုရေးသား ရာတွင် "On the Basic Concept of Nanotechnology" ဟု ခေါင်းစဉ်တပ်၍ သုံးစွဲခဲ့ခြင်းဖြင့် စတင်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ဟူစတန်ရှိ ရိုက်စ်တက္ကသိုလ်မှာ ပါမောက္ခ Richard E Smalley ဦးဆောင်သည့် ဓာတုဗေဒပညာရှင်များသည် ကာဗွန်အက်တမ် ၆၀ ပါဝင်ဖွဲ့စည်းထားသော ဘောလုံးပုံသဏ္ဍာန်ကာဗွန်မော်လီကျူးများကို စတင်တွေ့ရှိခဲ့သည်။ ယင်းသို့ တွေ့ရှိခဲ့မှုအတွက် ဓာတုဗေဒ ပညာရပ်တွင် နိုဘယ်လ်ဆု ချီးမြှင့်ခြင်း ခံရသည်။ သိပ္ပံပညာရှင်များ က ၎င်းဘောလုံးသဏ္ဍာန် ကာဗွန်မော်လီကျူးများကို Bucky ball (သို့မဟုတ်) Fullerenes ဟု အမည် ပေးခဲ့ကြသည်။
![]() |
Bucky ball |
![]() |
Nanotube |
Single–wall Nanotube ဆိုသည်မှာ အသေးဆုံး နာနိုတည်ဆောက်မှုတစ်ခု ဖြစ်ပြီး အရွယ်အစားအားဖြင့် ၁ နာနိုမီတာခန့်သာရှိပြီ ကာဗွန်အက်တမ် အလွှာတစ်လွှာတည်းဖြင့် တည်ဆောက် ထားသည့် လက်ရှိပစ္စည်းများထဲတွင် အခိုင်မာဆုံး၊ လျှပ်စီးမှုအကောင်းဆုံးနှင့် ကွေးညွှတ်မှုဒဏ်ကို လည်း ခံနိုင်ရည်အများဆုံး ဖြစ်သည်။ ကာဗွန်ဖြင့်ပြုလုပ်ခြင်းကြောင့် ပေါ့ပါးမှုရှိပြီး သံမဏိထက်အဆ ၆၀ ကျော်ခန့် ခိုင်ခံမည်ဖြစ်ပါသည်။ အပူစီးကူးမှုတွင်လည်း အကောင်းဆုံးဖြစ်ပြီး လျှပ်စစ်ခုခံမှုလည်း မရှိသလောက်နည်းပါးမည် ဖြစ်ပါသည်။ Single–wall Nanotube များကို Electronic Circuit အဖြစ် အသုံးပြုနိုင်ခြင်းဖြင့် Transistor သန်းပေါင်းများစွာ အသုံးပြုရသည့် Computer Chip များနေရာတွင် အစားထိုး အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ယနေ့အသုံးပြုနေသည့် Computer Chip များသည် Transistor ၄၂ သန်းပါဝင်သဖြင့် ယင်းတို့နေရာတွင် Carbon Nanotube များကို အစားထိုးအသုံးပြုခြင်းဖြင့် ကွန်ပျူတာများသည် တဖြေးဖြေးသေးငယ်လာခြင်း၊ ပို၍မြန်ဆန်လာခြင်း၊ ပို၍စွမ်းရည် မြင့်မားလာဖြင်းစသည့် အားသာချက်များ ရရှိလာနိုင်မည် ဖြစ်ပါသည်။
ရောမခေတ်က ဖန်ခွက်လောင်းတဲ့ ဖန်ရည်ထဲကို အလွန်သေးငယ်တဲ့ ရွှေမှုန်၊ ငွေမှုန်များ ရောထည့်လိုက်လျှင် မီးရောင်အောက်မှာ အရောင်ပြောင်းနိုင်တဲ့ ဖန်ခွက်များ လုပ်နိုင်ခဲ့ ကြပါတယ်။ အဘယ်ကြောင့် ပြောင်းလဲသွားခြင်းကို မသိရှိခဲ့ကြပါဘူး။ ၁၇ရာစု ဥရောပတွင် တည်ဆောက်ထားရှိခဲ့သည့် ဘုရားကျောင်းများ၊ အဆောက်အဦးများ၏ ပြတင်းတံခါးများ တွင် အရောင်ထည့်သွင်းထားသည့် မှန်များတပ်ဆင် အသုံးပြုခဲ့သည်ကို ယနေ့တိုင် တွေ့မြင်ရမည် ဖြစ်သည်။ တောက်တဲ့၊ အိမ်မြှောင်စတဲ့ သတ္တ၀ါများရဲ့ ခြေဖဝါးများသည် နာနိုအရေးအကြောင်းများကြောင့် အမြင့်မှာ တွယ်ကပ်နေနိုင်ကြတာပါ။ ပိန်းကြာဖက်မှာ ရေမတင်နိုင်ခြင်းမှာလည်း ကြာဖက်မျက်နှာပြင်ရှိ နာနိုအမွှေးမျှင်လေးများ ပါရှိခြင်းကြောင့် ဖြစ်ပါတယ်။
ယခုအခါတွင် နာနိုနည်းပညာကို အသုံးပြု၍ စက်မှုကဏ္ဍ ထုတ်လုပ်ရေးနယ်ပယ်တွင် Samsung ကုမ္ပဏီသည် Sliver Nanoparticle များဖြင့် Nano Health System တွင် အသုံးချ ပြုလုပ်လျှက်ရှိသည်ကို တွေ့ရှိရသည်။ နည်းပညာအသုံးချမှုမှာ နာနိုစကေးအရွယ် အစားရှိ ငွေဒြပ်စင် များကို သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကုန်ပစ္စည်းများ ထုတ်လုပ်မှုတွင် အသုံးချခြင်း ဖြစ်သည်။ အဆိုပါ Sliver Nanoparticle များဖြင့် အန္တာရာယ်ဖြစ်စေနိုင်မည့် ဘက်တီးရီယားများကို ဖယ်ထုတ်သန့်စင်ပေးခြင်း၊ အန္တာရာယ်ဖြစ်စေမည့် ဘက်တီးရီယားများကင်းဝေးစေခြင်း တို့ကို လုပ်ဆောင်ပေးနိုင်သည့် နည်းပညာကို အသုံးပြုလျှက်ရှိပါသည်။ ၎င်းနည်းပညာကို Samsung ကုမ္ပဏီမှ ထုတ်လုပ်သည့် ရေခဲသေတ္တာများ၊ အ၀တ်လျှော်စက်များ၊ လေအေးပေးစက်များ နှင့် ဖုန်စုပ်စက်များတွင် ထည့်သွင်းအသုံးပြုလျှက်ရှိပါသည်။
ဇီဝဗေဒဆိုင်ရာ ဆေးပညာများတွင်လည်း နာနိုနည်းပညာကို စတင်အသုံးပြုလာပြီ ဖြစ်သည်။ ဗိုက်ရပ်စ်ပိုး၏ အရွယ်အစားသည် ပုံမှန်အားဖြင့် ၁၀၀ နာနိုမီတာ အရွယ်ခန့်ရှိရာ နာနိုနည်းပညာ ဖြင့် ဗိုက်ရပ်စ်အား သတ်ဖြတ်ရှင်းလင်းရန် အကောင်းဆုံးနှင့် အလွယ်ကူဆုံးအဖြစ် တွေ့မြင်သိရှိလာကြပါသည်။ ဆဲလ်တစ်ခုတွင် နာဂိုမှုလပါရှိသော (Deoxyribo Nucleric Acid-DNA) ဗီဇ၏ ပရိုဂရမ်အစီအစဉ်အတိုင်း ပရိုတင်းများ၊ အင်ဇိုင်းများကို အတိအကျ ထုတ်ပေးနိုင်ပါသည်။ နာနိုနည်း ပညာအရ ကလပ်စည်းဆဲလ်တစ်ချင်း၏ အရွယ်ပမာဏရှိသော စက်ကလေးများကို ပရိုဂရမ်ဖြင့် စေခိုင်း အလုပ်လုပ်စေနိုင်မည် ဖြစ်ပါသည်။
![]() |
Nanobots |
နာနိုနည်းပညာရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ယနေ့ချိန်ထိ မသိရှိသေးပါဘူး။ လူသားတို့၏ ကျန်းမာရေး၊ စီးပွားရေး၊ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှအစ စစ်ရေးကဏ္ဍ အားလုံး တို့တွင် နာနိုနည်းပညာသည် အရေးပါလာသည်။ နာနိုနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ အတွက် အီလက်ထရွန်ရိုက် ပုံဖော်စက်တွေ (e-beam ligthography system)၊ နာနိုအရွယ် ကြည့်ရှုနိုင်တဲ့ အဏုကြည့် မှန်ဘီးလူးတွေ၊ ပညာရှင်တွေ လိုအပ်ပါတယ်။ ကင်ဆာလို ကုရခက်တဲ့ ရောဂါတွေအတွက် ကုထုံးသစ်တွေ၊ နေရောင်ခြည်မှ ဈေးနှုန်းချိုသာစွာနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ သောက်သုံးရေအတွတ် ပိုးမွှားတွေကို အလွယ်တကူ ဖယ်ရှားခြင်း၊ စတဲ့ နည်းပညာတွေ ပေါ်လာနိုင်ပါတယ်။ အဏုမြူများကို စိတ်ကြိုက်ရွှေ့ပြောင်း နေရာချပေးနိုင်သည်နှင့်အမျှ ကျွန်ုပ်တို့ လူသားများ အနေဖြင့် အသွင်မတူ၊ စွမ်းရည်မတူသော ပစ္စည်းအမျိုးမျိုးကို စိတ်တိုင်းကျ ထုတ်လုပ်လာနိုင်ကြမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အစားအစာ၊ အ၀တ်အထည် ထုတ်လုပ်ကြသော ပစ္စည်းများ၊ နေအိမ်တိုက် တာအဆောက်အဦးများ၊ စက်ကိရိယာပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အစိတ်အပိုင်း ဟူသရွေ့တို့ကို အဏုမြူများနှင့် ဖွဲ့စည်းထားသည်ဖြစ်၍ နာနိုနည်း ပညာက ထိုအရာအားလုံးအပြင် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် ရှိရှိသမျှသော အရာအားလုံးတို့ကို ပြုပြင်ပြောင်းလဲလွှမ်းမိုး လာပေလိမ့်မည်။ တစ်နည်းဆိုရသော် အနာဂတ်နည်းပညာ၏ ကြီးကျယ်သော လုပ်ငန်းစဉ်များအား သေးငယ်သော အမှုန်အမွှား ကလေးများက အဓိက ထိန်းကျောင်းလာတော့မည် ဖြစ်သည်။
![]() |
iPod - nanowatch |
1 comments:
I am interested in Nano-based chemistry because my research is based on nano-structural materials. It is an invaluable knowledge for me. Thanks a lot!!!
Post a Comment