ကျွန်တော်တို့ သတိမထားမိပဲ အလွယ်တကူစွန့်ပစ်လိုက်တဲ့ ပလပ်စတစ်များကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး ဖရီးရယ်ဒီကယ် ( Free Radical ) တွေ ကျွန်တော်တို့ကိုယ်ထဲမှာ ထွက်လာနိုင်ပါတယ်။ နောက်ပြီး အောက်ဆီဒေးတစ် စထရက်စ် (oxidative stress) တွေရနိုင်ပြီး အရွယ်မတိုင်မှီ အိုမင်းရင့်ရော်စေပါတယ်။
အော်ဂဲနစ် ပစ္စည်းများဖြစ်သည့် စက္ကူ၊ သစ်ရွက်၊ သစ်သား၊ သစ်ကိုင်း၊ ၀ါး၊ စသည်တို့သည် စွန့်ပစ်လိုက်လျှင် အချိန်ကြာမြင့်သောအခါ မြေဆွေးများအဖြစ် လူ၊ သတ္တ၀ါနှင့် အပင်တို့အတွတ် များစွာ အကျိုးရှိလှသည်။ ပလပ်စတစ်အိတ်တွေ၊ ပလပ်စတစ်အမှိုက် တွေကတော့ ပတ်ဝန်းကျင်ထဲ စွန့်ပစ်လိုက်လျှင် ဘယ်တော့မှ ကွယ်ပျောက်မသွားဘဲ နှစ်ပေါင်းများစွာ မပျောက်မပျက်ဘဲ ရှိနေပါမယ်။ နောက်တဖြည်းဖြည်း မြေကြီးထဲ၊ ရေထဲကဓါတ်တွေ ဓါတုဗေဒ တုန့်ပြန်မှုတွေဖြစ်ပြီး ပလပ်စတစ် ကနေ ပတ်ဝန်းကျင်အတွက် မသန့်တဲ့ ဓါတုဗေဒ ကာဗွန်တွေ တစိမ့်စိမ့် ထွက်လာပါလိမ့်မယ်။ ရေထဲ၊ မြေထဲ၊ လေထဲကို ပလပ်စတစ်အမှိုက်တွေထဲက တဖြည်းဖြည်းထွက်နေတဲ့၊ ပတ်ဝန်းကျင်ကို ဒုက္ခပေးမယ့် ဓါတုဗေဒ ပစ္စည်းတွေဟာ နှစ်ပေါင်းများစွာ ထွက်နေပါလိမ့်မယ်။
ကျွန်တော်တို့ ငယ်စဉ်က ပလပ်စတစ်အိတ်ဆိုတာ မရှိသလောက် ရှားပါတယ်။ ဈေးတွေမှာ ထည့်စရာအဖြစ် အင်ဖက်ကို အများဆုံးသုံးပါတယ်။ အင်ပင်ကရတဲ့ အင်ဖက်ဟာ မြန်မာပြည် အနှံ့အပြားမှာ ထမင်း၊ မုန့်မျိုးစုံ၊ အသား၊ ငါး၊ အသီးအရွက်အားလုံးကို ထုပ်ဖို့ သုံးပါတယ်။ အခုခေတ် လူငယ်တွေအတွတ် အင်ဖက်ဆိုတာ မြင်ဘူးဖို့ဝေးစွ၊ ကြားပင်ကြားဖူးမည်မဟုတ်။ သုံးပြီးသားအင်ဖတ်များသည် စွန့်ပစ်လိုက်လျှင် ပတ်ဝန်းကျင်ကို မထိခိုက်စေပဲ ဆွေးမြေ့ပျက်စီးပြီး မြေဆွေးဖြစ်သွားပါတော့တယ်။
ကမ္ဘာမြေနှင့် ရေကို မှီခိုအားထားနေရသော အပင်များနှင့်၊ သတ္တ၀ါများသည် ကျွန်တော်တို့ ပြုလုပ်သော ပတ်ဝန်းကျင် ညစ်ညမ်းမှု့များကြောင့် ထိခိုက်ပျက်ဆီးကြသောအခါ ၄င်းတို့ကို မှီခိုနေကြသော လူသားများ မသန့်တဲ့ပတ်ဝန်းကျင်ထဲက အဆိပ်အတောက်၊ ဓါတုဗေဒပစ္စည်းတွေ ၀င်ရောက်လာပါတော့တယ်။ အဲဒီတော့ ကျွန်တော်တို့ ဆဲလ်တွေကို ထိခိုက်ပြီး အန္တရာယ်ပေးမယ့် ဖရီးရယ်ဒီကယ် တွေ ထွက်လာတော့တာပေါ့။ အဲဒီမှာတင် အောက်ဆီဒေးတစ်စထရက် (Oxidative stress) တွေရပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာပါတော့တယ်။ ဒါကြောင့် ဒီလို ပျက်စီးသည်ထက် ပျက်စီးလာတဲ့ ပတ်ဝန်းကျင်ကြီးကို ညစ်ညမ်းစေမည့် တစ်ခုခုလုပ်မည် ဆိုတိုင်း ငါနဲ့မဆိုင်ဘူးလို့တော့ မတွေးလိုက်ပါနဲ့။ ဥပမာပြောရရင် ပလပ်စတစ်အိတ်ဟောင်းပဲဆိုပြီး ပစ်ချင်တဲ့ နေရာလွင့်ပစ်လိုက်မယ်၊ ဒါလေးဟာ ဘာမှ အရေးမကြီးဘူးလို့တော့ မတွေးလိုက်ပါနဲ့။ ပတ်ဝန်းကျင်ကြီးကို သန့်ဖို့ရာ၊ ပတ်ဝန်းကျင်ကြီးကို ထိန်းသိမ်းဖို့ရာကို အစိုးရတွေ ဘယ်လိုပဲလုပ်လုပ် ကုလသမဂ္ဂကြီးက ဘယ်လိုလုပ်လုပ် ကမ္ဘာ့ပေါ်မှာရှိတဲ့ လူသားတွေဖြစ်တဲ့ ကျွန်တော်တို့တတွေ တစ်ဦးချင်း တာဝန်သိသိ၊ ပညာရှိရှိ၊ ပါဝင်မဆောင်ရွက်ဘူးဆိုရင်တော့ ဒီလုပ်ငန်းစဉ်ကြီး အောင်မြင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့တတွေ တစ်ဦးချင်းမှာ လူတိုင်း ကိုယ်စီမှာ နေတာ၊ ထိုင်တာ၊ စားတာ၊ သွားတာ၊ လုပ်ဆောင်တာအားလုံးမှာ ပတ်ဝန်းကျင် မညစ်ညမ်းအောင် ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကြီးသန့်နေအောင် ထိန်းသိမ်း လုပ်ဆာင်သွားဖို့ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ မျိုးဆက်သစ်များ အသက်ရှည်စွာ အနာမဲ့နေထိုင်နိုင်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လူသားတိုင်းရဲ့ တာဝန်ဖြစ်ပါတော့တယ်။
0 comments:
Post a Comment